သူက အဖမဲ့သား အမေနဲ့ပဲ ကြီးပြင်းခဲ့သူဖြစ်တယ်။ မူလတန်းကစ အထက်တန်းပြီးတဲ့အထိ အမေရဲ့ပြုစုပျိုးထောင်မှု
အောက်မှာ သူကြီးပြင်းခဲ့တယ်။ သူကြိုးစားခဲ့တယ်။ ပထမအဆင့်မှာ သူအမြဲ ရှိနေခဲ့တယ်။ အမေက သူ့ကိုချစ်လွန်းလို့
အိမ်အလုပ်တောင် ပေးမလုပ်ဘဲ ပညာကို သင်ယူစေခဲ့တယ်။ သူ့ကျောင်းစရိတ်အတွက် အမေ အလုပ်တွေပိုလုပ်ခဲ့
တယ်။ အမေပင်ပန်းတာကို ကြည့်ပြီး သူ့ရင်ထဲမှာ သံဓိဌာန်တစ်ခုချခဲ့တယ်။ စာကြိုးစားမယ်၊ ပညာတတ်ကြီး ဖြစ်ရင်
အမေ့ကိုတစ်လှည့် ပြုစုမယ်လို့.....
အဲဒီနောက် သူ့ကြိုးစားမှုနဲ့ ရည်မှန်းထားတဲ့ တက္ကသိုလ်ကို သူတက်ခွင့်ရခဲ့တယ်။ အမေက မိုင်ပေါင်းများစွာဝေးတဲ့ သူ့
အဆောင်ကို ရထားတစ်တန်၊ ကားတစ်တန်စီးပြီး လာကြည့်ခဲ့တယ်။ သူကြိုက်တဲ့ အစားကောင်းတွေ ယူလာပေးခဲ့တယ်။
သူ့အဝတ်တွေ လျှော်ပေးခဲ့တယ်။ သန့်ရှင်းရေးတွေ လုပ်ပေးခဲ့တယ်။ အိမ်မပြန်ခင် အမေကသူ့ကို "အဆောင်ကကျွေးတဲ့
ထမင်းဟင်းတွေ စားမကောင်းရင် ဝယ်စားနော်သား၊ ပိုက်ဆံတွေ ချွေတာသုံးစရာမလိုဘူး။ အမေအသက်ကြီးပြီး ပိုက်ဆံ
များများ မလိုတော့ဘူး" လို့ မှာတတ်တယ်။ အမေမျက်နှာပေါ်က အရစ်ကြောင်းနဲ့ ဆံဖြူတွေကိုကြည့်ရင်း သူအဓိဌာန်
ချမိပြန်တယ်။ အလုပ်ကောင်းကောင်းရှာပြီး အမေ့ကို ကျေးဇူးဆပ်မယ်လို့...
ရာသီအလီလီပြောင်းလို့ သူကျောင်းပြီး အလုပ်ရသွားခဲ့ပြီ။ စိတ်ကူးအိပ်မက်ထဲက လက်တွဲဖော်ချစ်သူနဲ့ သူ့ဘဝက
အစစအရာရာ ပြည့်စုံနေခဲ့တယ်။ မရင်းနှီးတဲ့ မြို့ပြတစ်ခုမှာ အခြေစိုက်ရပ်တည်ရင်း သူအလုပ်ကြိုးစားခဲ့တယ်။ တစ်နှစ်
တစ်ခါ နှစ်ကူးမှ အမေ့အိမ်ကို သူတစ်ခေါက် ပြန်နိုင်ခဲ့တယ်။ အမေ့အိမ်ရောက်တိုင်း အမေက "သား.. သားအလုပ်
စလုပ်တာ မကြာသေးဘူး။ ဘယ်လောက်မှ စုဆောင်းမိသေးမှာ မဟုတ်ဘူး။ အိမ်ပြန်ရင် ကားခက ဈေးကြီးသဘိနဲ့။
ဟိုမှာ လုပ်စရာရှိတာလုပ်ပါ။ အမေနေကောင်းကျန်းမာပါတယ်.. သားစိတ်ချပါ"
အမေ့စကားနားထောင်ပြီး သူ့စိတ်ထဲမှာ "အလုပ်ကောင်းကောင်းလုပ် ရာထူးတွေတိုးမှ အမေငါ့ကို မွေးရကျိုးနပ်မှာ"
လို့ တွေးထင်ပြီး အလုပ်တွေ ပိုကြိုးစားခဲ့တယ်။ တစ်လတစ်ခါ အမေ့ကို ငွေပို့ပေးပြီး တစ်နှစ်မှတစ်ကြိမ် အိမ်ပြန်ဖြစ်
ခဲ့တယ်။ သူ့ရဲ့ကြိုးစားမှုကြောင့် ကိုယ်ပိုင်တိုက်၊ ကိုယ်ပိုင်ကားတွေ သူပိုင်ဆိုင်လာခဲ့တယ်။ ဒိ့ထက်ငွေတွေရှာပြီး
အမေ့အတွက် တိုက်တစ်လုံးဝယ်မယ်၊ အမေ့ကိုသူနဲ့ပဲ လာနေစေတော့မယ်လို့ သူအဓိဌာန်ချမိပြန်တယ်။
အဲဒီလိုနဲ့ တစ်နေ့မှာ အမေအသည်းအသန်ဖြစ်တဲ့ အကြောင်းကြားစာတစ်စောင် သူ့ဆီ ရောက်လာခဲ့တယ်။ သူစိတ်
တွေလှုပ်ရှားပြီး အမေ့အိမ်ကို မြန်မြန်ဆန်ဆန်ရောက်သွားချိန် အမေစကားတစ်ခွန်းမှ မပြောနိုင်တော့ဘူး။ အချိန်မီ
ရောက်လာတဲ့ သူ့လက်ကို အမေဆုတ်ကိုင်ပြီး ခပ်ဖွဖွလေး ပြုံးပြတယ်။ အဲဒီနောက် အပြုံးနဲ့ အမေထာဝရ
အိပ်စက်သွားခဲ့တယ်။
သူ့ရင်တွေ နာကျင်နေမိတယ်။ အမေ့ကို မပြုစု၊ ကျေးဇူးမဆပ်လိုက်ရခင် သူ့အပါးကနေ အမေထာဝရ ထွက်သွားခဲ့
တဲ့အတွက် သူနောင်တရမိတယ်။ သူ့မွေးနေ့တွေ အကြိမ်ကြိမ်ကျင်းပခဲ့ဖူးပေမယ့် အမေ့မွေးနေ့ကို သူတစ်ခါမ
ှ မကျင်းပပေးခဲ့ဖူးဘူး။ အဝတ်တစ်စုံ ဝယ်မပေးခဲ့ဖူးဘူး။ အမေနဲ့အတူ လမ်းမလျှောက်ခဲ့ဖူးဘူး။ အမေ့ကျန်းမာရေး
ကို မမေးခဲ့ဖူးဘူး။ ဒါတွေ သူလုပ်နိုင်ရက်နဲ့ သူမလုပ်ခဲ့မိဘူး။
နာကျင်ခြင်းတစ်မျိုးက ဘယ်လိုမှ အစားထိုးလို့မရဘူး။ ကိုယ်သတိရ၊ အသိစိတ်ဝင်တဲ့အချိန် အရမ်းနှောင်းသွားခဲ့ပြီ။
မိဘတွေက သားသမီးတွေဆီကနေ ဘာငွေကြေး၊ ဘာလက်ဆောင်မှ မမျှော်လင့်တတ်ကြဘူး။ ဒါပေမယ့် သားသမီး
တွေက သူတို့ကို မကြာခဏ အဖော်ပြုမယ်၊ အိမ်ပြန်မယ်၊ ချွေးထွက်ချိန် ကမ်းလိုက်တဲ့ ပုဝါပါး၊ လမ်းဖြတ်ကူးချိန်
ဖေးမလိုက်တဲ့ လက်တစ်စုံ၊ မွေးနေ့မှာ တောင်းဆုပြုတဲ့ စကားတစ်ခွန်းက မိဘတွေရဲ့ ရင်ကို ပိုနွေးထွေးစေပါတယ်။
မိဘတွေကျန်းမာဆဲ၊ မိဘတွေ ဒီကမ္ဘာမြေပေါ်ကနေ ထွက်မသွားခင်တုန်းမှာ သူတို့နဲ့အတူနေတဲ့ တစ်စက္ကန့်၊
တစ်မိနစ် အချိန်ကို တန်ဖိုးထားပေးပါ။ အဖော်ပြုပေးကြပါ။
နိုင်းနိုင်းစနေ
မူရင်း- 有一种痛,永遠无法弥补
No comments:
Post a Comment
မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။