လွမ်းလို့ဆိုပြီး ဖွင့်ဖတ်လိုက်ကာမှ
ဒုက္ခရဲ့ စာမျက်နှာဖြစ်နေတယ်
ဘဝရယ်...
နဂိုကြမ်းတဲ့လှိုင်းမို့ မုန်တိုင်းမဆန်ပါရစေနဲ့တော့။။
အဲဒီ...
အသက်ဓာတ်မပါတဲ့ အပြုံးတစ်ခုနဲ့တင်
နှလုံးသား အတုဆိုတာ
ကမ္ဘာမြေကို သက်သေပြုရဲတယ်။။
ငါ့ရဲ့... ဟောဒီ ည
မှောင်မိုက်တယ် ညှို့ငင်တယ်
ဒါပေမယ့်...
ကြယ်စင်တစ်စင်းတောင် မလင်းခဲ့ဘူး။။
တယုတယနဲ့ ပြန်စတဲ့ ဘဝကိုမှ
သူမက ပန်းဦးပန်ပြခဲ့တယ်
အရည်းကြီးမရယ်..
ရာဇဝင်ထဲမှာ မင်းကိုထားခဲ့ပါရစေ။။
တကယ်ဆို...
ကိုယ့်ကိုကိုယ် ငွေ့ရည်ဖွဲ့လို့
မင်းအတွက် ဖွဲဖွဲလေးရွာချချင်ခဲ့တာ
ငါ့စိတ်ကူးတွေများ ခမ်းနားလွန်းခဲ့သလားကွယ်။။
ထားလိုက်ပါတော့လေ...
ကန္တာရမို့လားမသိဘူး ရေဆာတယ်
ဒီဆောင်းဦးပေါက်မှာ
အိမ်တစ်ခေါက် အရောက်ပြန်ဦးမယ်။။
မှင်နီများခဲ့တဲ့ ကောင်မို့
ဓူဝံကြယ်ကို တောင်အရပ် မပို့နိုင်တာမဟုတ်ပါဘူး၊
တကယ်ဆို
မိုးကြိုးပစ်တာကို ကာဖို့အတွက်
ငါလည်း ထန်းလက်ကို လိုအပ်တာပေါ့။။
တကယ့် တကယ်ကျ
လိုချင်တာ မရခဲ့တိုင်းမှာ
ဟောဒီနှုတ်ခမ်းတွေက တခြမ်းပြုံးတယ်။။
No comments:
Post a Comment
မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။